လေထုထဲမှာ ဘယ်လိုရောဂါပိုးမွှားတွေ ရှိနေသလဲ
သင်တို့နေ့စဥ်ရှူရှိုက်နေရတဲ့ လေထုထဲမှာ ရောဂါပိုးပေါင်း မြောက်များစွာ ပါရှိနေနိုင်တယ်ဆိုတာကို သိပြီးပြီလား?
ဟုတ်ပါတယ် လေထုထဲမှာ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ မှိုပိုးတွေက မျောပါနေနိုင်ပါတယ်။ လူတွေ အသက်ရှူထုတ်တဲ့အခါ၊ ချောင်းဆိုးနှာချေတဲ့အခါ၊ စကားပြောတဲ့အခါနဲ့ ရယ်လိုက်တဲ့အခါတွေမှာ Aerosols လို့ခေါ်တဲ့ ရေမှုန်လေးတွေဟာ လေထုထဲကို ရောက်သွားပါတယ်။
အသက်ရှူလမ်းကြောင်းထဲမှာ ရောဂါပိုးတွေ ရှိနေသူက ချောင်းဆိုး၊ နှာချေ၊ စကားပြော၊ ရယ်မောလိုက်တိုင်း ရောဂါပိုးတွေပါဝင်နေတဲ့ Aerosols တွေဟာ လေထုထဲကို ပျံ့နှံ့သွားပြီး အဲဒီလေကို ရှူမိတဲ့သူတွေ၊ အရာဝတ္ထုပစ္စည်းတွေပေါ် ကျရောက်သွားတဲ့ ရောဂါပိုးတွေကို ကိုင်တွယ်မိတဲ့လက်နဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်စိတွေကို ကိုင်တွယ်မိသူတွေကို ရောဂါပိုး ကူးစက်နိုင်ပါတယ်။
Aerosols တွေဟာ အသက်ရှူထုတ်လိုက်ရင် ၂ မီတာခန့်၊ ချောင်းဆိုးနှာချေရင် ၈ မီတာခန့် အကွာအဝေးထိ ပျံ့နှံ့နိုင်ပါတယ်။ တချို့ရောဂါပိုးတွေဟာ လေထဲမှာရှိတဲ့ ဖုန်မှုန့်တွေကို တွယ်ကပ်ပြီး ပိုဝေးတဲ့ အကွာအဝေးထိ ရောက်သွားနိုင်ပါတယ်။
အဲဒီလို လေထုထဲကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ…
- ဆုံဆို့နာ
- ကြက်ညှာချောင်းဆိုး
- တီဘီအဆုတ်နာ
- နမိုးနီးယားအဆုတ်ရောင်ရောဂါ
- ဦးနှောက်အမြှေးရောင်ရောင်ဂါ
- အအေးမိတုပ်ကွေးနဲ့
- မကြာသေးမီက လူအများအပြား ခံစားခဲ့ကြရတဲ့ ကိုဗစ်လို ရောဂါတွေ ပါဝင်ပါတယ်။
လေထုထဲမှာ ရောဂါပိုးတွေဟာ အနည်းနဲ့အများ ရှိနေတတ်ပေမယ့် ရှူမိတဲ့၊ ထိတွေ့မိတဲ့သူတိုင်းကို ကူးသလားဆိုရင်တော့ မကူးပါဘူး။
အသက်ရှူလမ်းကြောင်း တစ်လျှောက်မှာ ရှိတဲ့ Cilia လို့ခေါ်တဲ့ အမွှေးလေးတွေနဲ့ အသက်ရှူလမ်းကြောင်းထဲက ချွဲတွေက ပိုးမွှားတွေကို မလှုပ်နိုင်အောင် လုပ်ပြီး ချောင်းဆိုးထုတ်ခြင်းဖြင့် ရောဂါပိုးတွေ မဝင်ရောက်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်းမှာ ရှိတဲ့ phagocytesဆဲလ်တွေက ရောဂါပိုးတွေကို ဖျက်ဆီးပစ်ပါတယ်။
ရောဂါပိုးတွေဝင်လာရင် သွေးကြောထဲက သွေးဖြူဆဲလ်တွေက Antibodies ခုခံပစ္စည်းတွေ ထုတ်ပေးကာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အလိုလို တိုက်ထုတ်ပေးတတ်ပါတယ်။
ဒါကြောင့် လေထုထဲက ပိုးမွှားတွေ ရှူမိတာချင်းအတူတူ ဆေးလိပ်သောက်သူ (အသက်ရှူလမ်းကြောင်းထဲက အမွှေးလေးတွေနဲ့ အချွဲတွေက ပုံမှန်အလုပ်မလုပ်နိုင်တော့သလို Phagocytes တွေကလည်း ရောဂါပိုးတွေကို မတိုက်ထုတ်နိုင်တော့လို့ပါ) နဲ့ ကိုယ်ခံအားကျနေသူတွေ (ဆီးချို၊ HIV၊ ကင်ဆာရောဂါနဲ့ Autoimmune Disease ရှိသူများ) မှာ ရောဂါတွေ ဖြစ်နိုင်တာပါ။
လေထုထဲက ပိုးမွှားတွေဟာ အလုံပိတ်အခန်းတွေမှာ ပိုပြီး ကူးစက်နိုင်တာမို့ အဆောက်အဦးတွေမှာ လေဝင်လေထွက်ကောင်းအောင် လုပ်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ နှာချေချောင်းဆိုးရင် လက်ကိုင်ပဝါ သို့မဟုတ် လက်နဲ့ အုပ်ထားတာ၊ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ အအေးမိတုပ်ကွေး ကာကွယ်ဆေး နှစ်စဥ်ထိုးတာတွေ လုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်း ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်